MYANMAR LICENSED CONTRACTORS PUBLIC CO.,LTD.

MYANMAR LICENSED CONTRACTORS PUBLIC CO.,LTD.

ဗုဒ္ဓါဘိသေကအနေကဇာ တင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် နေ့/ည တာဝန်ယူခဲ့ကြသော YCDC ၀န်ထမ်းများအား ဂုဏ်ပြုဧည့်ခံ ခြင်း သတင်း

ဇန်န၀ါရီ ၁ရက်နေ့က ကျင်းပခဲ့သော ရွှေတိဂုံစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားနှင့် သံဃာတော်အပါး(၁၈၀၀၀)တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားတွင် မနားမနေ နေ့/ည ပါဝင်ဆောင်ရွက်ခဲ့ကြသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝန်ထမ်းများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရွှေသံလွင်ကုမ္ပဏီလီမိတက်နှင့် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်း(MLCP)တို့မှ ဂုဏ်ပြုသည့် အခမ်းအနားကို ယမန်နေ့(ဇန်န၀ါရီ ၁၂)ည ၇ နာရီက ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် MCC ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝန်ထမ်းမိသားစု ၄၅၀၀ ခန့်တို့ကို ဂုဏ်ပြုညစာစားပွဲနှင့် ဧည့်ခံခဲ့ပြီး၊ ၀န်ထမ်း ၁၀ ဦးအား ဗုဒ္ဓဂယာသို့ ဘုရားဖူးခရီးသွားရန် မဲနှိုက်ရွေးချယ်ခဲ့သည်။

“အဲဒီလို မဲနှိုက်ရွေးချယ်တာမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနက ပထမဆုံးမဲပေါက်တဲ့ WA ဝန်ထမ်းလေးကို လက်ခုပ်သြဘာပေးပြီး စင်ပေါ်ခေါ်တင်..သမီးဗုဒ္ဓဂယာသွားရမှာ စိတ်ထဲဘယ်လိုနေလဲဆိုတော့ အဲဒါဘာကြီးလဲ..တစ်ခါမှမကြားဖူးဘူးတဲ့။ အဲဒါ တို့ဗုဒ္ဓမြတ်စွာဘုရားပွင့်တော်မူတဲ့နေရာလေ။ အိန္ဒိယနိုင်ငံမှာ။ အဲဒီကိုသမီးဘုရားဖူးသွားရမှာဆိုတော့ စိတ်လှုပ်ရှားဝမ်းသာပြီး စကားတောင်မပြောနိုင်တော့ဘူး။ ဌာနအသီးသီးက ကံထူးရှင်ဝန်ထမ်းလေးတွေအတွက် မုဒိတာအပြည့်နဲ့ကြည်နူးပီတိ ဖြစ်ရပါတယ်။ သူတို့ကိုခရီးစဉ်မှာ လှူဖို့သုံးဖို့အတွက်လဲ အလှူရှင်တွေကဝိုင်းပြီးတစ်ယောက်ကို ဒေါ်လာ ၂၅၀စီဆုချပါသေးတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားပါသည်။

အဆိုပါ ဂုဏ်ပြုဧည့်ခံပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် မြို့တော်ဝန် ဦးမောင်မောင်စိုးတို့က ဂုဏ်ပြုအမှာစကားများပြောကြားခဲ့ကြပြီး၊ တေးသံရှင်များက သီဆိုဧည့်ခံခဲ့ကြသလို ၈၈ မျိုးဆက်ကျောင်းသားဟောင်း ကိုဂျင်မီကလည်း ဂုဏ်ပြုသီချင်းဖြင့် သီဆိုဧည့်ခံသွားခဲ့သေးကြောင်းသိရသည်။

news4umyanmar.com မှ ကူးယူဖေါ်ပြသည်။